ခံတွင်းခြောက်ခြင်း အန္တရာယ်
ပုံမှန်အားဖြင့် လူတွေရဲ့ ပါးစပ်ထဲမှာ တံတွေးဂလန်းတွေကနေ တံတွေးတွေ ထုတ်လုပ်ပြီး ခံတွင်းကို စိုစွတ်အောင် ထားထားရပါတယ်။ ခံတွင်းဟာ လူ့ကိုယ်ခံအားစနစ်ထဲမှာ ပါဝင်တဲ့အတွက် ခံတွင်းခြောက်တဲ့အခါ ဘက်တီးရီးယားပိုးတွေ အလွယ်တကူ ခိုအောင်းနေနိုင်သလို တခြားပြဿနာတွေလည်း ဖြစ်စေနိုင်တာကို သတိပြုသင့်ပါတယ်။
ဘာကြောင့် ခံတွင်းခြောက်တာလဲ
- ရေများများ မသောက်တာ
- ဆေးတစ်မျိုးမျိုးရဲ့ Side Effect ကြောင့် ဖြစ်တာ
- အသက်အရွယ်ကြီးလာတာ
- ကင်ဆာကုထုံးနဲ့ ကုသမှုခံယူနေရတာ
- ဦးခေါင်းနဲ့ လည်ပင်းပတ်လည်က အာရုံကြောကို ထိခိုက်မိတာ
- ခံတွင်း မှိုစွဲရောဂါဖြစ်တာ
- အယ်လ်ဇိုင်းမားရောဂါဖြစ်နေတာ
- ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေတာ
- ဆေးရွက်ကြီး၊ အရက်သောက်သုံးတာ
- စိတ်ကြွဆေးတွေ အသုံးပြုတာကြောင့် ခံတွင်းခြောက်နိုင်ပါတယ်။
ခံတွင်းခြောက်တဲ့ လက္ခဏာတွေက ဘာတွေလဲ
- ပါးစပ်ထဲ ခြောက်သွေ့နေပြီး စေးကပ်ကပ်ဖြစ်နေသလို ခံစားရတာ
- တံတွေးက ချွဲပျစ်ပြီး ချဉ်သလိုလို ဖြစ်နေတာ
- ခံတွင်းအနံ့ဆိုးထွက်တာ
- အစာစားဖို့၊ စကားပြောဖို့၊ မျိုချဖို့ ခက်ခဲတာ
- လည်ချောင်းနာတာ
- လျှာက ခြောက်ပြီး ကြမ်းနေတာ
- အရသာ အာရုံခံစားနိုင်မှု ပြောင်းလဲသွားတာ
- သွားအံစွပ်တွေ စွပ်ဖို့ ခက်ခဲသွားတာ
- နှုတ်ခမ်းနီက သွားမှာ ကပ်သွားတာတွေပါ ဖြစ်နိုင်ပါတယ်။
ခံတွင်းခြောက်တာ ကျန်းမာရေးအရ အန္တရာယ်ရှိလား
အန္တရာယ်ဖြစ်စေတဲ့အထိ ကြီးမားတဲ့ ပြဿနာမျိုးတော့ မဟုတ်ပေမဲ့ တံတွေးဟာ ခံတွင်းကျန်းမာရေးနဲ့ ကောင်းစွာလည်ပတ်အလုပ်လုပ်နိုင်ဖို့ ကူညီပေးတဲ့အတွက် တံတွေးနည်းလို့ ခံတွင်းခြောက်သွားတဲ့အခါ နောက်ဆက်တွဲ ဆိုးကျိုးတွေတော့ ရှိနိုင်ပါတယ်။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင် -
- သွားနဲ့ ခံတွင်းမှာ ဘက်တီးရီးယားနဲ့ ရောဂါပိုးတွေ ပိုမိုခိုအောင်းလာနိုင်မယ်။
- ပြင်ပက ဝင်လာတဲ့ ရောဂါပိုးတွေ ခံတွင်းထဲမှာ ကပ်ငြိပြီး ကိုယ်ခန္ဓာထဲ အလွယ်တကူ ဝင်ရောက်လာမယ်။
- သွားပေါ်မှာ အဝါရောင်အရိအချွဲတွေ ကပ်လာပြီး သွားကျောက်တွေ ဖြစ်လာနိုင်တယ်။
- သွားပျက်စီးတာ၊ သွားပိုးစားတာ၊ သွားဖုံးထဲ ပိုးဝင်တာတွေလိုမျိုး ခံတွင်းနဲ့ဆက်စပ် ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်။
- အစာစားဖို့ အခက်အခဲဖြစ်စေတဲ့အတွက် အာဟာရဓာတ် ချို့တဲ့လာနိုင်တယ်။
- ခေါင်းမူးပြီး ပျို့အန်တာ၊ ခံတွင်းခြောက်ပြီး ထိခိုက်ပွန်းပဲ့ဖို့ လွယ်ကူတာတွေ ဖြစ်နိုင်တယ်။
- မတော်တဆထိခိုက်မိပြီး အနာဖြစ်သွားတဲ့အခါ သွေးကြောထဲကို ရောဂါပိုးတွေ အလွယ်တကူဝင်သွားနိုင်ပြီး အနာကျက်နှေးသွားစေနိုင်ပါတယ်။
ခံတွင်းခြောက်တာကို ကာကွယ်ဖို့အတွက် ဒါတွေကို ပုံမှန်လုပ်ပေးနိုင်ပါတယ်
၁။ ရေကို နာရီဝက်ခြားတစ်ခါ ပုံမှန်သောက်ပေးပြီး တစ်ရက်ကို အနည်းဆုံး ရေ (၃) လီတာလောက်ရအောင် သောက်ပေးပါ။
၂။ ကဖင်းဓာတ်ပါတဲ့ အအေး၊ ဖျော်ရည်တွေကို လျှော့သောက်ပါ။
၃။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ပိုစားပေးပါ၊ တစ်နေ့တာ အစာအာဟာရစုံလင်အောင် စားပေးပါ။
၄။ မနက်အိပ်ရာနိုးရင် တစ်ကြိမ်၊ ညအိပ်ကာနီးတစ်ကြိမ် သွားတိုက်ပေးပါ။
၅။ ခံတွင်းသန့်စင်ဆေးရည် ဒါမှမဟုတ် ဆားငန်ရည်နဲ့ ပုံမှန်ပလုတ်ကျင်းပေးပါ။
၆။ Fluoride ပါတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်ပေးပါ။
၇။ အခန်းတွင်း လေထုအစိုဓာတ်ထိန်းစက် (Humidifier) တပ်ထားပေးပါ။
၈။ အငန်ဓာတ်၊ အပူအစပ်၊ လေးပင်တဲ့ ဟင်းအနှစ်ပါတဲ့ အစားအစာတွေကို လျှော့စားပေးပါ။
၉။ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ စိတ်ကြွဆေးဝါးတွေသုံးတာ ရှောင်ပါ။
၁၀။ (၆) လ တစ်ကြိမ် သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးပေးပါ။
ရဲမျိုးမြတ်